Sunday, March 31, 2013

၉၆၉ အင်တာဗျူး အရှင်ကုသလသာမိ



Voice ။ ။ အခုအချိန်မှာ လူတွေကြားထဲ ၉၆၉ ဘာလဲဘယ်လဲဆိုပြီး သို့လော သို့လော ဖြစ်နေကြတဲ့အတွက် ၉၆၉ အကြောင်း အများနားလည်အောင် မိန့်ပါဘုရား။

ဆရာတော် ။ ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကို ကိုယ်စားပြုပါတယ်။ တခြားဘာသာ တွေမှာ အမှတ်တံဆိပ်တွေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာတိုင်းဟာ ၉၆၉ ကို တန်ဖိုးထားရမယ်။ ၉၆၉ ဆိုတာ ဂိုဏ်းလည်းမဟုတ်ဘူး။ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ အားလုံးလည်း နားလည်သင့်တာက ၉၆၉ သည် ဂိုဏ်းဂဏမဟုတ်၊ အဖွဲ့အစည်း မဟုတ်၊ အဲ့ဒီလိုသိထားရမယ်။ တချို့က အဖွဲ့အစည်းတစ်ခုလို့ ထင်နေတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအားလုံးသည် ၉၆၉ တွေပဲ ဆိုတဲ့ သဘောလေးကို သိစေချင်တယ်။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား။

ဆရာတော် ။ ။ အဓိကရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပိုင်းမှာ စည်းလုံးမှုအားနည်းလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းစည်းလုံးမှုရှိအောင် လူမှုရေး၊ စီးပွားရေးမှာ ကူညီရိုင်းပင်းနိုင်အောင် ၉၆၉ ဆိုတဲ့တံဆိပ်ကို ဆိုင်တိုင်းနေရာတိုင်းမှာ ကပ်ကြဖို့ပြောတာ။ ၉၆၉ ဆိုတာ မြင်လိုက်တာနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ကို ချက်ချင်းအောက်မေ့ပြီး ကုသိုလ်စိတ် တွေဖြစ်အောင်ပါ။

Voice ။ ။ ၉၆၉ ကို ဘယ် အချိန်မှာ ဘယ်သူတွေကစခဲ့တယ်ဆိုတာ သိလိုပါတယ်။

ဆရာတော် ။ ။ ၉၆၉ ဘယ်အချိန်မှာ ဘယ်သူတွေက စခဲ့တာ အတိအကျပြောဖို့ တော့ ခက်တယ်။ သိသလောက်ဆိုရင်တော့ ၉၆၉ ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ အမှတ်တံဆိပ် လုပ်သင့်တယ်လို့ ပြောကြတာတွေရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် ၉၆၉ ကို ကားတွေ၊ အိမ်တွေမှာ ရေးကြတာ တွေ့ရတယ်။ ဒီဘက်ခေတ်မှာ အခြေအနေအရ ဗုဒ္ဓဘာသာတွေဟာ ပိုမို စည်းလုံးဖို့ လိုအပ်တယ်လို့ ယူဆပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ၉၆၉ ကို တွင်တွင်ကျယ်ကျယ် ဟောပြောလာကြတယ်။ ဒါကြောင့် ၉၆၉ အမှတ်တံဆိပ်ဟာ လူသိများ လာတယ်လို့ ဆိုရမယ်။

Voice ။ ။ လတ်တလောပဋိပက္ခ တွေမှာ ၉၆၉ အဖွဲ့တွေရဲ့ ပယောဂကြောင့် လို့ ပြည်ပမီဒီယာတွေနဲ့ လူတွေအကြား ပျံ့နှံ့နေတဲ့အပေါ် အရှင်ဘုရား ဘာများ မိန့်ချင်ပါလဲဘုရား။

ဆရာတော် ။ ။ လတ်တလောဖြစ်ပျက် ခဲ့တာတွေမှာ ၉၆၉ ကြောင့်ဖြစ်သယောင် မီဒီယာအသုံးချ ဖန်တီးတာတွေဟာ တကယ်တော့ အဖြစ်အပျက်မှန်သမျှ ၉၆၉ နဲ့ လုံးဝ မဆိုင်ပါဘူး။ ပြည်ပမီဒီယာတွေကို အသုံးချပြီးတော့ အကြမ်းဖက်ပါတယ်ဆိုပြီး မိတ္ထီလာ အဖြစ်အပျက်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ အကြမ်းဖက်မှုတွေကို နောက်ခံထား တိုက်ခိုက်နေကြတာပါ။ ၉၆၉ လှုပ်ရှားမှုပေါ်လာတဲ့ အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေက သူတို့စီးပွားရေး အဆင်မပြေဘူးဆိုပြီးတော့ ပြောကြတယ်။ အဲ့ဒါကြောင့် ၉၆၉ ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ အဲ့တော့ ၉၆၉ နာမည်ပျက်အောင်၊ လူတွေ အကြည်ညိုမဲ့အောင် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတာ။

Voice ။ ။ ၉၆၉ အပေါ် သံဃာ့အကြီးအကဲတွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲဘုရား။

ဆရာတော် ။ ။ အကြီးအကဲဆရာတော် တွေရဲ့ သဘောထားကို တိုက်ရိုက် မလျှောက်ဖူးတဲ့ အတွက် သေချာမသိပါဘူး။ ဒါပေမဲ့ ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းဟာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့ ဒီ ၉၆၉ ကိုသေသေချာချာသိရင် မလို လား ကန့်ကွက်တာတွေရှိမှာ မဟုတ်ပါဘူး။

Voice ။ ။ နိဂုံးချုပ်ဘာများ မိန့်ချင် ပါသလဲဘုရား။

ဆရာတော် ။ ။ ၉၆၉ ဟာ လတ်တလော ဖြစ်ပျက်တဲ့ ပဋိပက္ခတွေနဲ့ လုံးဝပတ်သက် ဆက်နွှယ်ခြင်းမရှိဘဲ ၉၆၉ ဟာ အဖွဲ့အစည်း ပုံစံတွေ၊ ဂိုဏ်းဂဏပုံစံတွေ၊ အကြမ်းဖက်မှု ပုံစံတွေဖြစ်နေတာ အားလုံးမှန်သမျှဟာ တစ်ဖက်အဖွဲ့အစည်းက မီဒီယာနဲ့ပေါင်းပြီး လုပ်ကြံတဲ့အတွက်ကြောင့် သာလျှင် ဒီလိုနာမည် ထွက်နေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

No comments: