တော်ဝင်စင်တာမှာ ဇန်န၀ါရီ ၂၁ ရက်က ၈၈ မျိုးဆက်ကျောင်းသာများရဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲရဲ့နှုတ်ခွန်းဆက်စကားမှာ မင်းကိုနိုင်က ၈၈ မျိုးဆက်တွေရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ အပေါ်အမြင်၊ ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ ပတ်သတ်တဲ့ သဘောထား ၊ ၈၈ မျိုးဆက် ဘာလဲ ၊ ဘယ်လဲ စသဖြင့် ပြောကြားခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်စား
ဆက်သွယ်မှု ဧရိယာပြင်ပရောက်သလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများ အိမ်အပြန်လမ်းဟာ ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃နှစ်ကျော်က ကျွန်တော်တို့ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေပြန်ထွက်တဲ့နေ့ပါ ၊ ကျွန်တော်တို့ စိုက်ပျိုးသမျှ ကောက်ပင်စိမ်းတွေ ယိမ်းကတဲ့နေ့ပါ ။ လောကဓမ္မတာ မိခင်က တုံပြန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ်တွေကိုပြန်ရတဲ့နေ့ပါ ၊ အခုလို သတင်းမီဒီယာသမားတွေရဲ့ ရှေ့မှာ တဖျက်ဖျက် တောက်နေတဲ့ ဓာတ်ပုံမီးတွေအောက်မှာ ကျွန်တော်တို့ ရပ်ပြီး စကားပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဉ့်ကလျားနဲ့ ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ ၊ လူမသိသူမသိဘ၀နဲ့ ပျောက်ဆုံးသွားရတဲ့ ကျောင်းသား ၊ ပြည်သူတွေ ၊ ဘ၀ရဲ့အစိတ်အပိုင်းများစွာကို ဖဲ့ကျွေး ၊ချကျွေး ခဲ့ရပြီးတော့ ဒီလောကကို နှုတ်ဆက်ခဲ့ရတဲ့ ကျောင်းသား၊ ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်တို့ မတ်တတ်ရပ်နိုင်သေးတဲ့သူတွေ ၊ ဒီနေ့ ၊ ဒီအချိန် ၊ ဒီ အခင်းအကျင်းမျိုးမှာ ပြောနိုင်တာပါ ။
လက်ရှိ နိုင်ငံရေးအခြေအနေအပေါ်အမြင်
အခု သတင်းလောကမှာရော ၊ ပြည်သူလူထုရဲ့ ပြန်ကြားရေးလောကမှာ အင်မတန်ခေတ်စားနေတဲ့ မေးခွန်းတွေရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံရေး အခြေအနေကို ဘယ်လိုမြင်လဲ ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ ဖန်ခွက်ထဲမှာ ရေတ၀က်ရှိတာကို ဘယ်လိုမြင်လဲ ဆိုတဲ့ကိစ္စက တော်တော်ကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ အကောင်းမြင်လား ၊ အဆိုးမြင်လားဆိုတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ လက်ရှိ ပကတိ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲဆိုတာ ။ တ၀က်ကြီးများတောင် ဆိုပြီးတော့လည်း အကောင်းမမြင်ချင်ဘူး။ တ၀က်တည်း နည်းလိုက်တာလို့လည်း အဆိုးမြင်တာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ရေရှိမှ ပြည့်စုံတဲ့ ငါးတွေပါ ၊ ငါးတွေအတွက်ကတော့ တစ်ဝက်ကိစ္စ မဟုတ်ပါဘူး ။ အသက်ကိစ္စပါ ။ ရေများဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတာ သတင်းသမားတွေ ၊ မီဒီယာသမားတွေ သိပါတယ်။
သတင်းမီဒီယာသမားတွေကို တိုက်တွန်းချင်တယ်
၂၃ နှစ်တာ ပေးဆပ်လိုက်ရတဲ့ နောက်မှာ ရလာတဲ့အသီးအပွင့်တွေအဖြစ် အမှန်တရားကို ဖော်ထုတ်တဲ့တာဝန်ကို သတင်းမီဒီယာသမားတွေ ထမ်းချင်ကြပြီဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့သိသလောက်ကတော့ ပြည်တွင်း သတင်းလွတ်လပ်ခွင့် ဆိုတဲ့ ပြသနာမှာ အကြောင်းတစ်ခု ဆိုပါတော့ ၊ ၂၀၀၈-၂၀၁၀ အဲ့ဒီတုန်းကဆိုရင် သတင်းမီဒီယာတွေရဲ့ ဖော်ပြနိုင်စွမ်းဟာ ဘက်တစ်ဘက်တည်းကိုပဲ တင်ပြရတယ်။ အဲဒီအခါကျတော့ မတူကွဲပြားခြားနားတဲ့အမြင်တွေ အတွေးတွေကို ဖော်ပြခွင့်မရတဲ့အခါမှာ တစ်ဖက်က နားထဲ ၊ မျက်စိထဲ ထည့်တဲ့ အချက်အလက်တွေသာလျှင် အမှန်တရား ဖြစ်ခဲ့ရတယ်။
အဲဒါကိုကျွန်တော်တို့ ပြောင်းချင်ပြီဗျာ ၊ ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော်တို့နဲ့အတူ အပြောင်းအလဲကို လိုက်ပါနိုင်လိမ့်မယ်ဆိုတဲ့ ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်အချက် တစ်ခုဖြစ်ပါတယ်။
၈၈ ဘာလဲ
တချို့က မေးပါတယ် ၊ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဘယ်ကနေစပြီးတော့ ၈၈ ဘာလဲ ၊ ၈၈ ဘယ်လဲ မေးခွန်းတွေ ရှိပါတယ် ။ ၁၉၈၈ ခုနှစ် ၊ အားလုံးသိခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံကြီးပြီးတဲ့အခါမှာ ပါဝင်ဆင်နွဲခဲ့တဲ့ မျိုးဆက်အားလုံးဟာ နယ်ပယ်အသီးသီးကို စိမ့်ဖြာပြီးတော့ ၀င်ရောက်သွားပါတယ် ။ ဒီအချက်အရေးကြီးပါတယ် ။ စီးပွားရေးလောက ၊ အနုပညာလောက ၊ သတင်းမီဒီယာလောက ၊ နိုင်ငံရေး သီးသီးသန့်သန့် လုပ်ရမယ့် လောက ၊ ဒီလိုပဲ အများအကျိုးကိုသယ်ပိုးတဲ့ အသင်းအဖွဲ့တွေ ၊ ပရဟိတလောကတွေကို ရောက်ပါတယ် ။ နောက်ဆုံး ၀န်ထမ်းလောက ထဲကိုလည်းရောက်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကို အင်နဲ့အားနဲ့ဆင်နွှဲခဲ့တဲ့ အဲဒီမျိုးဆက်ရဲ့ အသီးသီးသောအစိတ်အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းတွေထဲ ထိရောက်ခဲ့ပါတယ်။ ကောင်းပါပြီ ၊ အဲ့ဒီအင်အားစုတွေရဲ့ စိတ်ဓါတ်တွေ ၊ အဲ့ဒီတုန်းက ၀ိညာဉ်တွေ ၊ ၈၈ ရဲ့ သွေးတွေဟာ အမိမြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မ သွေးကြောကြီးထဲကနေ တဆတ်ဆတ် ခုန်နေတုန်းပါ ။ နှလုံးသည်းပွတ်ထဲမှာ နွေးထွေးစွာ လှန့်နေဆဲပါ ။ ကျွန်တော်တို့ ဒီနေ့ ဒီမှာ လာပြီးတော့ သတင်းသမားတွေရှေ့မှာ ရပ်ကြတဲ့ ၈၈ တွေဟာ ဘာလဲဆိုတော့ မကြာခင်ကမှ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေထဲက ပြန်လာကြတဲ့ ၈၈ တွေပါ ။ ဒါဖြစ်ရင် အဲ့ဒီ ၈၈ တွေ ဘာလုပ်မှာလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။ အရှင်းဆုံး ပြောရရင် ၁၉၈၈ ပြီးတုန်းက နယ်ပယ်အသီးသီးကို ဖြန့်ကြက်သွားသလိုမျိုး အခု ထောင်တွေက တဖန် ပြန်ထွက်လာပြီးတော့ ပန်းပဲဖိုတွေမှာ တစ်ကြိမ်နဲ့အားမရ နှစ်ကြိမ် ၊ နှစ်ကြိမ်နဲ့အားမရ သုံးကြိမ်ဆိုသလို ကံကောင်းနိုင်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီးတော့ အတိုက်ခံ ၊ထပ်ပြီးတော့ ပေမှာ အထုခံ အနှက်ခံတဲ့ ဓားကောင်းတွေအဖြစ် လောက နယ်ပယ်အသီးသီးကို ပြန်ရောက်လာတာပါ။
၈၈ ဘယ်လဲ
အဲ့ဒီတော့ ၈၈ တွေ ဘာဆက်လုပ်မှာလဲ ဆိုတဲ့ မေးခွန်းမှာ နယ်ပယ်အသီးသီးမှာ ရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့မျိုးဆက်တွေနဲ့ ပြန်ပြီးတော့ လက်တွဲကြဖို့ထပ်မံ ဖြန့်ကြက်ပြီး အများအကျိုး ၊ တိုင်းပြည်အကျိုး ၊ လောကပါလ တရားသုံးပါးကို ထွန်းကားဖို့ အရေးတွေကိုဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲ့ဒါကို ကျွန်တော်ပြောချင်တာပါ ။ အရာရာတိုင်းမှာကျောင်းသာတွေဟာ ကြားနေရမယ် ၊ ဘက်မလိုက်ရဘူးဆိုတဲ့ အတွေအခေါ်အယူအဆတွေရှိခဲ့ပါတယ် ၊ ယေဘုံယျအားဖြင့် မှန်ချင်မှန် ပါလိမ့်မယ် ၊ ခြွင်းချက်အနေနဲ့တော့ ကျွန်တော်တို့ဟာ လောကပါလ တရားသုံးပါးဖြစ်တဲ့ တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ တန်းတူညီမျှခြင်းဆိုတဲ့ အချက်သုံးပါးနဲ့ ပတ်သတ်လာရင်တော့ လောကပါလတရားသုံးပါးကို တည်ထောင်သူနဲ့ ဖျက်ဆီးသူတွေကြားမှာ ဘက်မလိုက်ပဲမနေနိုင်ပါဘူး ။ ကျွန်တော်တို့ လောကပါလတရားသုံးပါးတည်ထောင်သူဘက်ကနေပြီးတော့ ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ ။ အဲ့ဒါလေးကို ကျွန်တော် အသိပေးပါရစေ ။
ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ပတ်သတ်တဲ့သဘောထား
ကျွန်တော်ခရီးစဉ်တစ်လျှောက်လုံးလည်းမှာ အားလုံးကိုယ်စား ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စပါ ။ နောက်ဆုံးစကားပါ။ ၂၃ နှစ်တာပြည်သူလူထုကြီင်္းရဲ့ ပေးဆပ်မှုရဲ့နောက် ဘ၀ များစွာ ၊ အသက်များစွာ စတေးပြီးတဲ့နောက်ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို ငြင်းပယ်လို့မရတဲ့ ပကတိ မျက်မှောက်တရားအဖြစ် နောက်ဆုံး လက်ရှိ အစိုးရ ကိုယ်တိုင် လက်ခံရပါပြီ။ အဲ့ဒါ ပြည်သူ့အောင်ပွဲ ၊ ပြည်သူ့အောင်ပွဲ ဆိုတာ အောင်စိတ်နဲ့ မှတ်ပါ။ အဲ့ဒီအတွက်ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ အဟောင်းအဆွေးကြီးဖြစ်တဲ့ ဖိနှိပ်ချုပ်ခြယ်ခြင်း ၊ အခွင့်အထူးခံခြင်းဆိုတဲ့ အဟောင်းကြီးကို ဖက်တွယ်ထားချင်တဲ့သူတွေကတော့ နေရာတကာမှာ ရှိဦးမှာပါပဲ။ လွန်ဆွဲပွဲ တစ်ခုပေါ့ဗျာ။ လွန်ကြိုး နှစ်ဖက်ပဲ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ အင်အားစုတွေ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် သူတို့ကတစ်ဖက် ၊ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုတဲ့သူတွေက တစ်ဖက်ပါ။ အဲ့ဒီလွန်ဆွဲပွဲမှာလည်း ၈၈ တွေဟာ ပြုပြင်ပြောင်းလဲ လိုသူတွေဘက်ကပဲ လွန်ဝင်ဆွဲဦးမယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။
ညီညွတ်ကြမယ်ဆိုရင်
အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလိုရပ်ပြီး စကားပြောရတဲ့ကာလက ဘာဖြစ်နေသလဲဆိုတော့ ရှေးဟောင်း မာယာလူမျိုးတို့ရဲ့ ပြက္ခဒိန်အရ ကမ္ဘာပျက်တဲ့နှစ်မှ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်တဲ့နှစ်မှ နိုင်ငံသစ် ပြန်တည်ရမယ့်ဘ၀ ဖြစ်နေတယ် ။ ကျွန်တော်တို့ဒီမိုကရေစီ လိုချင်တဲ့ အင်အားစုတွေတကယ်တမ်းသာ ညီညွတ်မယ်ဆိုရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် တစ်ခုမကဘူး ၊ ကမ္ဘာစ် တစ်ခုပါ တည်လို့ရမယ်လို့ ယုံပါတယ်လို့ ပြောရင်း ကျွန်တော် စကားကို အဆုံးသတ်ပါရစေ ။
ဝန်ခံချက် ...ပြည်သူ့ခေတ် ဂျာနယ်ပါ ဆောင်းပါရှင် ဥာဏ်လှိုင်လင်း ဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Facebook link: http://www.facebook.com/notes/lu-maw/%E1%81%88%E1%81%88-%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%86%E1%80%80%E1%80%B9-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%82%95%E1%80%9E%E1%80%8A%E1%80%B9%E1%82%95%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%AF%E1%80%AD%E1%80%94%E1%80%B0%E1%80%AD%E1%80%84%E1%80%B9-%E1%82%8F/352170398127905